၂၀၁၁ ခုနှစ်ကတည်းကစတင်ကျင့်သုံးလာတဲ့ သက်တမ်းပြည့်ယာဉ်အိုယာဉ်ဟောင်းတွေအပ်နှံပြီးကားအသစ်တစ်စီး အစားထိုးတင်သွင်းရတဲ့ စလစ်ကပ်စနစ်ကို ၂၀၁၉ ခုနှစ်မှာဖျက်သိမ်းမယ်လို့ လက်ရှိမှာသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲ့ဒီသတင်းတွေအတိုင်း ၂၀၁၉ ခုနှစ်မှာ သက်တမ်းပြည့်ယာဉ်စလစ်ကပ်စနစ် ကိုဖျက်သိမ်းသွားမှာမဟုတ်ပဲ မူလအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနက ဖော်ပြထားကြောင်းသိရှိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာန ရဲ့အကြီးတန်းအရာရှိတစ်ဉီးကလည်း
“ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးကားသစ်တင်သွင်းတဲ့စနစ်ကတော့ ပြောင်းလဲဖို့မရှိသေးပါဘူး။ ၂၀၁၉ မှာယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်ဆိုတာ သတင်းအမှားတွေပါ။ စလစ်ပေးတာကိုဖျက်သိမ်းမယ်ဆိုရင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီးမှလုပ်လို့ရတာပါ။”
လို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။
လက်ရှိမှာဆိုရင် ကားဟောင်းနေရာမှာကားသစ်တစ်စီးတင်သွင်းတဲ့ စလစ်ကပ်စနစ်နဲ့ဆိုရင် ရန်ကုန်လိုင်စင်ရရှိနေတာဖြစ်ပြီး အဲ့ဒီစနစ်ဖျက်သိမ်းလိုက်မယ်ဆိုရင် ပြည်တွင်းထုတ် SKD ကားတွေသာ ရန်ကုန်လိုင်စင်ရရှိနိုင်တော့မှာဖြစ်ကြောင်းလည်းသိရပါတယ်။