ရန်ကုန်တိုင်းအတွင်းမှာမောင်းနှင်နေတဲ့ နယ်လိုင်စင်ကားတွေကို မြို့ဝင်တိုးဂိတ်တွေကနေ ကားတစ်စီးကို ၅၀၀၀ ကျပ်နှုန်းအထိအခွန်တိုးကောက်သွားမှာဖြစ်တယ်ဆိုတဲ့ သတင်းဟာ ကောလဟာလသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတက်ရောက်နေသူတွေက ပြောကြားထားကြောင်းသိရှိရပါတယ်။
မြို့အဝင်တိုးဂိတ်တွေကနေ နယ်လိုင်စင်ကားတစ်စီးကို ၅၀၀၀ ကျပ်နှုန်းအခွန်ကောက်ခံသွားမယ် ဆိုတာကို အစိုးရအဖွဲ့မှ ဆွေးနွေးထားခြင်းမရှိသေးပဲ လက်ရှိရန်ကုန်မှာယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းနိုင်ဖို့ကိုသာ ဆွေးနွေးမှုတွေရှိကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဉီးက
“နယ်လိုင်စင်ကားတွေကို အခွန်တိုးကောက်မယ်ဆိုတာဆွေးနွေးထားတာလည်း မရှိပါဘူး။ ရန်ကုန်မှာနယ်လိုင်စင်နဲ့စီးနေရတဲ့ အစိုးရငှာနကားတွေအများကြီးရှိတယ်။ ဒီကားတွေကို နယ်နှင်ဖို့ဆွေးနွေးထားတာမရှိသလို ယာဉ်ကြောလမ်းကြပ်တည်းတာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အကြံဉာဏ်တွေယူပြီးလုပ်ဆောင်နေပါတယ်။”
ဟုရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးများသို့တက်ရောက်နေသူ တာဝန်ရှိသူတစ်ဉီးကပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။
လက်တလောထွက်ပေါ်နေတဲ့ တိုးဂိတ်ကနေနယ်လိုင်စင်ကားတွေကို အခွန်တိုးကောက်သွားမယ်ဆိုတဲ့ သတင်းကြောင့် နယ်လိုင်စင်ကားများ စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်းလည်း သိရပါတယ်။