ရန်ကုန်တိုင်းဒေသမှာ ပြေးဆွဲလျက်ရှိနေတဲ့ Power Eleven ကုမ္ပဏီဟာတော့ ခရီးသည်တွေအတွက် ယာဉ်စီးခပေးချေမှုဖြတ်ပိုင်းထုတ်ပေးတဲ့ ပြေစာစနစ်နဲ့ YBS အမှတ် ၂၁ ယာဉ်လိုင်းမှာ စတင်ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ ကုမ္ပဏီကပြောကြားထားကြောင်းသိရှိရပါတယ်။
ယာဉ်စီးခပေးဆောင်ရတဲ့အခါမှာ ခရီးသည်အများစုကမှန်မှန်ကန်ကန်ပေးဆောင်ကြပေမယ့် အချို့ခရီးသည်တွေအနေနဲ့ သတ်မှတ်ယာဉ်စီးခထက် နည်းတဲ့ပမာဏကိုပေးဆောင်မှုတွေ၊ ယာဉ်စီးခမထည့်သွင်းပဲ စီးနှင်းမှုတွေ ရှိနေတာကြောင့် ကုမ္ပဏီအနေနဲ့ အခုလို ယာဉ်စီးခပေးချေပြီးကြောင်း ပြေစာထုတ်ပေးတဲ့စနစ်ကိုပြောင်းလဲဖို့ YRTA ကိုတင်ပြထားကြောင်းသိရှိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး Power Eleven ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာတစ်ဉီးက
“YBS ဘတ်စ်ကားစနစ်မှာ ယာဉ်စီးခပေးချေတာကို ပြေစာထုတ်ပေးတဲ့ စနစ်ပြောင်းလဲသွားဖို့ရှိပါတယ်။ ကားပေါ်တက်ပြီး ယာဉ်စီးခ ပေးလိုက်တာနဲ့ယာဉ်မောင်းက စက်ရဲ့ Screen ကိုနှိပ်ပြီး ပြေစာထုတ်ပေးသွားမယ်။ ပြေစာ (သို့) ယာဉ်စီးခပေးပြီးကြောင်း လက်မှတ် တစ်ခုခုနဲ့ပြောင်းလဲဖို့ YRTA ကိုတင်ပြပြီး မကြာခင် လုပ်ဆောင်သွားမှာပါ။”
လို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
ကတ်စနစ် YPS အတွက် Excel KC ကုမ္ပဏီကိုရွေးချယ်ထားပေမယ့် စာချုပ် ချုပ်ဆိုဖို့အဆင်မပြေမှုတွေရှိနေတာကြောင့် ကျန်ရှိနေတဲ့ ကုမ္ပဏီ နှစ်ခုထဲက Asia Star Mar Transport Intelligent ကုမ္ပဏီကို YPS စနစ်အတွက် လက်ရှိမှာရွေးချယ်ထား တာပဲဖြစ်ပါတယ်။