ပြီးခဲ့တဲ့ အပတ်တုန်းက Body coach ပြောင်းလဲထားတဲ့ ယာဉ်တွေအနေနဲ့ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခြင်းခံရမယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပြီး အခုမှာလည်း ယာဉ်အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားမှုများနဲ့ Body Coach ပြောင်းလဲထားတဲ့ ယာဉ်တွေဟာ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခံရမယ့် အပြင် ယာဉ်အိုယာဉ်ဟောင်းအဖြစ် သံရည်ကြိုအပ်နှံသွားရမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဉီးစီးငှာနက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
လက်ရှိ ငှာနဆိုင်ရာတွေမှာ အသုံးပြုနေတဲ့ကားတွေကို အလုံးချိန်းတာ၊ Body Coach ပြောင်းလဲခြင်းတွေကို ခွင့်ပြုထားခြင်းမရှိတော့ကြောင်းနဲ့ ငှာနဆိုင်ရာမှကားတွေ ယာဉ်မှတ်ပုံတင်လာရောက်ပြုလုပ်ရာမှာ Body Coach မူလပုံစံကနေပြောင်းလဲထားတာ တွေ့ရှိပါက ဗဟိုစက်ပစ္စည်းဉီးစီးငှာန၊ စာရင်းအင်းဉီးစီးငှာန သို့ပြန်လည်အပ်နှံရမှာဖြစ်ကြောင်းသိရှိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဉီးစီးငှာနက
“ဌာနဆိုင်ရာကအချို့ကားတွေလည်း ဖောက်စွတ်အလုံးချိန်းထားတဲ့ကားတွေရှိတယ်။ နောက်ပိုင်းမှာ မူလရုပ်ကို ပြောင်းလဲတဲ့ ဌာနဆိုင်ရာ ကားတွေ တွေ့နေရတယ်။ အကယ်၍ ဌာနဆိုင်ရာက ကားကို အလုံးချိန်း body coach ပြောင်းထားတာတွေ့ရင် ယာဉ်မှတ်ပုံတင်ဖျက်သိမ်းပြီး သံရည်ကြိုအပ်နှံရမှာပါ။”
လို့ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။